Friday, March 14, 2014

ကားဝယ်မိတဲ့ ဒုက္ခ

အော် ကားကလေးမ၀ယ်ခင်ကလည်း ကိုယ်လိုချင်တဲ့ ကားလေးရဖို့ ရှာရဖွေရ ပူရပန်ရနဲ့၊ ၀ယ်ပြီးတော့လည်း ဒုက္ခကမပြီးသေးပါကလား။ ကားမောင်းမယ့်သူတွေ မတိုက်မခိုက်ဖို့ ပူရ၊ ကားကလေး ပျက်သွားမှာပူရ၊ ရုပ်စွအဆုံး ဆေးကလေးပွန်းသွားမှာတောင်ပူနေရတော့ တရားရပါတယ်။ မရှိတုန်းကမှ ဒီဒုက္ခတွေနဲ့ဝေးသေးတယ်၊ ခုကားဝယ်ပြီးမှ နောက်ထပ်ပူစရာတွေ ရလာတော့တယ်။ အစကတော့ ကားဝယ်ပြီးရင် သမီးလေး ဆန္ဒဖြည့်ဆည်းပေးရလို့ တကြောင်း၊ မမကြီးကားမောင်းပြီး ရုံးတက်ရုံးဆင်း နိုင်တော့မှာကို တွေးလို့ ပျော်ရွှင်ရပါတယ်။ တကယ်တမ်းကျတော့ ဘ၀က အဲဒီလောက် ပျော်စရာမကောင်တဲ့ အပြင်ခုနကပြောခဲ့သလို ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ဆိုတာ နားလည်ခဲ့ရတယ်။ 

ကိုယ့်စိတ်ကြိုက်လေး ၀ယ်ပြီး ထားခဲ့ရတဲ့ ဒုက္ခ၊ ကိုယ်မပြန်ခင် တိုက်မိခိုက်မိလို့ စိတ်ဆင်းရဲရတဲ့ဒုက္ခ၊ ကိုယ်မောင်းစေချင်တဲ့ မမကြီးက အလိုလို နောက်ရောက်သွားပြီး မမောင်းစေချင်တဲ့ ယောက်ဖက လက်ယားနေတာကိုကြည့်မရတဲ့ဒုက္ခ၊ ကားလေးကိုအကြောင်းပြုပြီး သူတို့ မိသားစုဝင်တွေ စိတ်ဝမ်းကွဲ ရန်ဖြစ်ကြတဲ့ဒုက္ခ၊ ကားကိုကိုယ်ထားချင်တဲ့ အိမ်မှာမထားရလို့ စိတ်ညစ်ရတဲ့ဒုက္ခ၊ နောက်ဆုံးအပြန်မှာ ရန်ကုန်ကနေ မမကြီးနဲ့ဖုန်းဆက်ပြီး သူရောကိုယ်ရော ကားဝယ်မိတာ မှားပါပြီ ဆိုပြီး ငိုကြရတဲ့ဒုက္ခ၊ ဘယ်တုန်းကမှ ကိုယ့် မမကို ပြန်မပြောခဲ့တဲ့ ကျွန်တော် ဒီတခါတော့ ပြန်ပြောလိုက်လို့ မမကြီးလည်းစိတ်မကောင်းဖြစ်ပြီးငိုတာကြည့်ပြီး ကိုယ်ပါလိုက်ငိုလိုက်ရတာ အနားက ဆေးရုံပေါ်ကလူတွေတောင်မှ မရှက်နိုင်အားပါဘူး။ ကားကလေး တိုက်မိ ခိုက်မိတော့လည်း မိန်းမ မသိအောင်လို့ ဘာမှ မပြောရဲတဲ့ဒုက္ခ၊ ဒါကို အလိုက်မသိ ကျပ်မပြည့်တဲ့ယောက်ဖက စက်ဘီးတောင် လဲပြီးမှတတ်တာတို့၊ လူနံပိန် ကျွှဲချိုလိမ်တို့ ဆိုတဲ့ စကားမျိုးတွေ ပြောပြီး လူဝါးဝတာခံရတဲ့ ဒုက္ခ၊ တကယ်ဆို သူများကားတက်မောင်းပြီး တိုက်မိလို့ တောင်းပန်ရမယ့်အစား ဒီလိုစကားမျိုးပြောလာတော့ စိတ်ဆိုး ဒေါသထွက်မိတယ်။ မမကြီးကိုလည်း ရန်ကုန်ပြန်ရောက်မှ ဖုန်းနဲ့ပြန်တိုင်လိုက်တယ်။ သူကတော့ ဖာတော့တာပေါ့။ ကိုအောင်က စကားမပြောတတ်လို့ အဲလိုဖြစ်သွားတာပါတဲ့။ 

လူတယောက်ကိုစိတ်ဆိုးအောင်လုပ်လို့ရပေမယ့် စိတ်နာအောင်တော့ မလုပ်သင့်ဘူး။ သူ့ကိုမမောင်းခိုင်းပဲနဲ့ ယောကျားမာန မရှိတက်မောင်းနေတာကြည့်လို့ကိုမရဘူး။ သမီးကိုလည်း ရီသလိုမောသလို ခြိမ်းခြောက်သလိုနဲ့ နင်ငါနဲ့တည့်အောင်ပေါင်းပါတဲ့၊ နောင်ဆို နင့်ကိုငါကျောင်းလိုက်ပို့ပေး ရမယ်တဲ့။ နားခါးလိုက်တာ ကြားရတာနဲ့တင်။ ကျွန်တော်ဘာကြောင့် ခင်ဗျား ဒီကားမောင်းပြီး ကျွန်တော့်သမီးကို လိုက်မပို့ နဲ့လို့ မပြောထွက်ခဲ့ရပါလိမ့်လို့ ကိုယ့်ဖာသာအားရဘူး။ ကျွန်တော်ကတော့ မမကြီးပဲ ဒီကားကိုမောင်းစေချင်တယ်။ ပြောပြရင်လည်း အဲလိုကြီးတော့ မဖြစ်ဘူးထင်တယ်တဲ့။ မမ မမောင်းရင်တော့ ကျွန်တော်ပြန်ရောင်းပစ်မယ်ဆိုတော့လည်း ရောင်းချင်ရောင်းတဲ့။ ကျွန်တော့်အစ်မ လည်း အားမရဘူး။ ဒီကားကို သမီးမနက် ကျောင်းပို့ပြီးရင် တောက်လျှောက် စာသင်ကျောင်းယူသွားပြော တာလည်း နောက်ဆုံး သူတို့ ကျောင်းအုပ်ဆရာမကြီးက မကြိုက်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်လျှော့လိုက်ရတယ်။ နောက်ဆုံးတော့ ကျွန်တော် နားလည်လိုက်ပါတယ်။ ဒီကားကိစ္စကို လုံးလုံးမေ့ ပစ်မှဖြစ်တော့မယ်လို့။ နို့မို့ဆိုရင် ကျွန်တော်ပဲ ပိုက်ဆံကုန် လူပန်းဖြစ်တော့မှာလေ။ အားလုံးဒီကားအကြောင်းပြု၍ အစဉ်ပြေကြပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment